မြန်မာနိုင်ငံတော်ရဲ့ ထေရဝါဒဗုဒ္ဓဘာသာ
ဂိုဏ်းကြီး(၉)ဂိုဏ်း မသိသေးသူများအတွက်
***************************
( ၁ ) သုဓမ္မာဂိုဏ်း
==========
တာ၀တိံသာနတ်ပြည်တွင် သိကြားမင်းသည်
သုဓမ္မာဇရပ်တော်၌ မှုခင်းများကို
စီစဉ်ဆုံးဖြတ်လေ့ရှိသည်။
ဤအစဉ်အလာအရ
မြန်မာဘုရင်များ လက်ထက်တော်က
သာသနာရေးဆိုင်ရာ မှုခင်းများကို
ဆရာတော်ကြီးများ စုဝေးဆုံးဖြတ်ရာ၌
ထိုနေရာဌာနကို "သုဓမ္မာ " ဟုခေါ်သည်။
ယင်းအစည်းအဝေးသို့ တက်ရောက်ခွင့်ရသောဆရာတော်များကို သုဓမ္မာ၀င်ဟုခေါ်သည်။
သံဃာ့ဂိုဏ်းများ မကွဲမပြား
တစ်စည်းတစ်လုံးတည်း ရှိစဉ်က
မြန်မာနိုင်ငံတွင် သံဃာအားလုံးသည်
သုဓမ္မာ၀င် ဆရာတော်ကြီးများ၏
အုပ်ချုပ်မှုအောက်တွင် ရှိနေကြသည်။
ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင်
' ရွှေကျင် ' ဂိုဏ်း ခွဲထွက်သွားသောအခါ ရွှေကျင်ဂိုဏ်း၀င် မဟုတ်သော သံဃာများကို
သုဓမ္မာဂိုဏ်း၀င် အဖြစ်ခေါ်ဆိုကြသည်။
***
( ၂ ) ရွှေကျင်ဂိုဏ်း
============
မင်းတုန်းမင်းကြီးသည်
ဝိနည်းသိက္ခာ အလွန်လေးစား၍
အကျင့်ပဋိပတ်နှင့် ပြည့်စုံသော
ရွှေကျင်ဆရာတော်ဘုရားကြီး ဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း
တောင်နန်းမိဖုရားခေါင်စင်္ကြာဒေဝီ၏ဆန္ဒကို
မလွန်ဆန်နိုင်သဖြင့် မောင်းထောင် ဆရာတော်ကို သာသနာပိုင် တင်မြှောက်ခဲ့ရသည်။
အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင် ဆရာတော်ထံ သွားရောက်ရာ
စကားမပြောဆိုပဲ နေခဲ့သဖြင့်
ဆရာတော်မှ မိမိအား မလိုလားဟု
သဘောပိုက်တော်မူခဲ့သည်။
ယင်းနောက် ၁၂၁၄ - ခုနှစ်တွင်
ရွှေကျင်ဆရာတော်ကို
သုဓမ္မာဆရာတော်များ အမိန့်ဖြင့်
သုဓမ္မာသို့ ကြွရန်ဆင့်ဆိုရာ မကြွဘဲနေသဖြင့်
သုဓမ္မာဆရာတော်များကအတင်းအကြပ်
ခေါ်ဆိုရန် စီမံရာတွင်
မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား
သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊
ရွှေကျင်ဆရာတော် လွတ်လပ်စွာ
သီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီး
ဦးဇာဂရ၏ တပည့် သံဃာတော်
အဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်း၀င်ဟု
ခေါ်ဆိုကြသည်။
***
( ၃ ) ဒွါရဂိုဏ်း (၃) ဂိုဏ်း
======= (၄-၅) ====
သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် ပဲခူးတိုင်း အုတ်ဖိုမြို့မှ ဆရာတော် အရှင်ဥက္ကံသဝိမာလာသည်
ရေသိမ်၌ ရဟန်းခံခြင်းကို အကြောင်းပြု၍
အင်္ဂလိပ်အစိုးရလက်အောက်ရှိ
သုဓမ္မာဂိုဏ်း၀င် ဆရာတော်များနှင့်
အငြင်းပွားခဲ့သည်။
အုတ်ဖိုဆရာတော်သည် မိမိတပည့်
ရဟန်းများနှင့် သီးခြား ဂိုဏ်းခွဲခဲ့သည်။
ဘုရားရှိခိုးရာ၌ ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍
ရှိခိုးခြင်းမပြုရ၊
ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရဟု ဒွါရဖြင့်
ရှိခိုးမှ မှန်ကန်သည်ဟု
အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။
ဇိနတ္တပကာနီကျမ်းပြု ကျီးသဲလေးထပ်ဆရာတော်
(သုဓမ္မာဂိုဏ်း) က ကံဖြင့် ရှိခိုးမှ မှန်ကန်ကြောင်း ငြင်းခုံကြသည်။
ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌
အုတ်ဖိုဆရာတော်၏ ဂိုဏ်းကို
ဒွါရဂိုဏ်းဟု ခေါ်ကြသည်။
သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟု ခေါ်ကြသည်။
နောက်ပိုင်းတွင်မူကံဂိုဏ်းဟု မခေါ်တော့ပဲ
သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။
ယင်းဒွါရဂိုဏ်းသည်
(က) အနောက်ချောင်းဒွါရ၊
(ခ) မဟာဒွါရ၊
(ဂ) မူလဒွါရ ဟူ၍ (၃) မျိူးထပ်၍
ကွဲသွားကြပြန်သည်။
( က ) အနောက်ချောင်းဒွါရဂိုဏ်း
====================
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီး
လက်ထက်မှာပင် ငါးသိုင်းချောင်း
ရေတံခွန်ကျောင်းတိုက် ဆရာတော်ကြီးကို
အခြားသော ဒွါရဂိုဏ်း၀င်
ကျောင်းတိုက်ကြီး (၆)တိုက်မှ သံဃာတော်များက ပထမပါရာဇိက
(မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့်
စွပ်စွဲကြသည်။
ဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးသည်
အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှ
ရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှ
သံဃာတော်များသည်
သီးခြားဂိုဏ်း တည်ထောင် ကြသည်။
" င၀န်မြစ်" ကိုအနောက်ချောင်းဟု
ထိုဒေသတွင် ခေါ်ကြသည်။
ယင်း အနောက်ချောင်း ကို အစွဲပြု၍
ရေကြည်၊ ငါးသိုင်းချောင်း တစ်ဝိုက်ရှိ
အဆိုပါ ဒွါရဂိုဏ်းကို
အနောက်ချောင်းဒွါရဂိုဏ်းဟု ခေါ်ကြသည်။
(ခ) မဟာဒွါရဂိုဏ်း
==========
ဒွါရဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးသည်
ဗေဒင်ကျမ်း တတ်ကျွမ်းလှသည်ဟု ဆိုသည်။
ယခု လက်ရှိအများလက်ခံ သတ်မှတ်ထားသော
လပြည့်လကွယ် နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ် လမပြည့်သေး၊
လမကွယ်သေး၊ လပြည့်ကျော် တစ်ရက်ရောက်မှ
လပြည့်သည်။
လဆန်းတစ်ရက်ရောက်မှလကွယ်သည်ဟု ဆို၍
(၁၅) ရက်တစ်ကြိမ် လပြည့်၊ လကွယ် သိမ်၀င်၍
သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။
အခြားသောသုဓမ္မာဂိုဏ်း၀င်နှင့် ရွှေကျင်ဂိုဏ်း၀င်သံဃာများသည်လပြည့်၊ လကွယ်နေ့များ၌
သိမ်၀င်ဥပုသ် ပြုကြသော်လည်း
ဒွါရ ဆရာတော်ကြီးနှင့် တပည့်များသည်
လပြည့်ကျော် (၁)ရက်နေ့နှင့်လဆန်း (၁)ရက်နေ့ ရောက်မှသာ သိမ်၀င်ဥပုသ် ပြုကြသည်။
အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင်
ပျံလွန်တော်မူပြီး နောက်ပိုင်းတွင် ၁၂၈၀ပြည့်နှစ်၌
ဒွါရဂိုဏ်း၀င် သံဃာတော်များသည် (ရာဇပဓာနံ) ဟူသော မြတ်စွာဘုရား၏ အမိန့်တော်အရ
လပြည့်လကွယ် ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည် ဟူသော ဒေသနာအရ ဒွါရဂိုဏ်း၀င် သံဃာတော်
အများစုသည် အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်၀င်ဥပုသ်ပြုကြပါသည်။
ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက် သံဃာအရေအတွက်များပြားသောကြောင့်
မဟာဒွါရဂိုဏ်းဟု ခေါ်ကြသည်။
ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ
(ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း)
ဖြစ်ပါသည်။
ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော
မဟာ = သံဃာများပြားသော
ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင့်ရှိခိုးသော)၊
နိကာယ = သံဃာ့အစုအဝေး ( ဖြစ်သည်။)
(ဂ) မူလဒွါရဂိုဏ်း
==========
အုတ်ဖိုဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက်
မဟာဒွါရဂိုဏ်း၀င် သံဃာများသည်
လပြည့်လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံ ကြသော်လည်း
အချို့သောဒွါရဂိုဏ်းသံဃာများမှာ
အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်
မူအတိုင်းလပြည့်ကျော် (၁)ရက်နှင့်
လဆန်း(၁)ရက် တို့တွင်
သိမ်၀င်ဥပုသ် ပြုမြဲပြုကြ၏။
ထိုသို့ မူလအတိုင်းရှိသည့် ဒွါရဂိုဏ်းကို
မူလဒွါရဟု ခေါ်ဆိုကြသည်။
မူလဒွါရဟူသော အမည်၏ရှေ့တွင်
' ဓမ္မဝိနယာနုလောမ ' ဟု ထပ်ဆင့်
ဝိသေသန ပြုထားသည်။
( ဓမ္မ + ဝိနယ + အနုလောမ )
သုတ္တံ၊ အဘိဓမ္မာ တရားတော်နှင့်
လည်းကောင်း၊ ဝိနည်းနှင့် လည်းကောင်း
လျော်ညီသော ဂိုဏ်းဟုဆိုလို၍
အမည်အပြည့်အစုံမှာ
' ဓမ္မဝိနယာနုလောမမူလဒွါရနိကာယ ' ဂိုဏ်းဟု
ခေါ်ဆိုကြသည်။
******
( ၆ ) ဝေဠု၀န်နိကာယဂိုဏ်း
=================
ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက်၊
သီလရှင် ကျောင်းအတွင်းရှိ ဝါးကျောင်း ၌
နေထိုင်သောကြောင့် ယင်း ဆရာတော်ကို
ဝေဠု၀န် ဆရာတော်ဟု ခေါ်ဆိုကြသည်။
ယင်းဆရာတော်သည် ဗဟန်းဝေဠု၀န်
ကျောင်းတိုက်ကို တည်ထောင်ပြီးနောက်
အင်းလျားဝေဠု၀န် ကျောင်းတိုက်၊
စမ်းချောင်းဝေဠု၀န် ကျောင်းတိုက်၊
ပုသိမ်နှင့်မြန်အောင်မြို့များရှိ
ဝေဠု၀န်ကျောင်းတိုက် များကို တည်ထောင်ခဲ့သည်။
ယင်း၏ တပည့်သံဃာများကို ဝေဠု၀န်ဂိုဏ်းဟု
ခေါ်ဆိုကြသည်။
ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့်
' ဝေဠု၀န်ဒွါရဂိုဏ်း ' ဟုလည်း ခေါ်ဆိုကြသည်။
( ၇ ) စတုဘုမ္မိက မဟာသတိပဌာန်
ငှက်တွင်းဂိုဏ်း
========================
စစ်ကိုင်းမြို့၏အနောက်ဘက်
မင်း၀န်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ
တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး
ယင်းငှက်တွင်းများ ရှိသောနေရာ၌ တည်ရှိသော ဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု
ခေါ်ဆိုကြသည်။
ယင်းငှက်တွင်းချောင်ဆရာတော် ဦးပဏ္ဍ၀သည်
မင်းတုန်းမင်းလက်ထက်၌
မဟာသတိပဌာန်သုတ်တော်လာ
(၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ပြီး ဟောကြားပြသသည်။
ထို့အပြင် အစဉ်အလာအားဖြင့်
ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး )ကို
ဟောပြောလေ့ရှိရာမှ
နိဗ္ဗာန်ကိုပင်ဘုံတစ်ခုအနေဖြင့်
ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု
ဟောပြောခဲ့ခြင်းကြောင့် - စတုဘုမ္မိက
( စတု = လေး ၊ ဘုမ္မိက = နေရာ /
တည်ရာဌာန ဘုံရှိခြင်း ) ဟု အမည်တစ်ခု
ထပ်ဆင့်တိုးခဲ့သည်။
ထို့ကြောင့် ဤဂိုဏ်းကို
စတုဘုမ္မိက မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း
ဟုခေါ်ဆိုကြသည်။
*****
( ၈ ) ဂဏဝိမုတ်ကူးတို့ဂိုဏ်း
=================
ထား၀ယ်မြို့နယ်၊ ကူးတို့ရွာဆရာတော်
ဦးဣန္ဒဝံသသည် တောရဆောက်တည်၍
တရားကျင့်သုံးလျက် ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ ဂိုဏ်းအုပ်၊ဂိုဏ်းထောက်များက မကြာခဏ
ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ်ခံရခြင်းမှ
ကင်းလွတ်ခွင့်ပြုရန်မန္တလေး၊သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာ တင်သွင်းခဲ့သည်။
သာသနာပိုင် ပခန်းဆရာတော်က
၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်း
ဆရာတော်ကြီးကို ဆင့်ခေါ်ခြင်း မပြုနိုင်စေရန်
သုဓမ္မာဂိုဏ်းမှ အလွတ်
' ဂဏဝိမုတ်တိ '
( ဂဏ = ဂိုဏ်း ၊ဝိမုတ္တိ = လွတ်ခြင်း )ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။
ထို့ကြောင့် ယင်းဆရာတော်ကြီး၏ တပည့် အစဉ်အဆက်တို့ကို
' ဂဏဝိမုတ္တိ ကူးတို့ ' ဂိုဏ်းဟုခေါ်ဆိုကြသည်။
သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သော ကူးတို့ရွာမှ ဆရာတော်ကြီး၏ တပည့်သံဃာများဟုဆိုလိုသည် ။
မူလဆရာတော်ကြီးကတော့ တောရ
ဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။
အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့
အားလုံးပဲတောရဆောက်တည်ကြသလား၊
မဆောက်တည်တဲ့ ရဟန်းတွေကိုကင်းလွတ်ခွင့်
ပေးသင့်သလား၊ စဉ်းစားစရာပါပဲ..
*****
( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း
======================
မဟာရင်ဆရာတော်သည် ၁၂၀၃ ခုနှစ်တွင်
ယိုးဒယားနိုင်ငံ၌
မွေးဖွားခဲ့၍ ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ ယိုးဒယားနိုင်ငံ
' ဓမ္မယုတ္တိနိကာယ ' (တမယွတ်) ဂိုဏ်း၌ရဟန်းပြု၍ပါဠိစာပေများကို
မဟာအဆင့်အတန်း အောင်မြင်သည်အထိ
စာပေသင်ကြား တတ်မြောက်ခဲ့သည်။
ထိုအခါ ဦးရင်အမည်ကို မဟာဘွဲ့နှင့် ပေါင်းစပ်၍ မဟာရင် ဖြစ်လာသည်။
မဟာရင်အမည်ရှိ ဆရာတော်ကြီးသည်
မော်လမြိုင်မြို့နယ် ' ကတိုး ' ရွာ၌
ကျောင်းတိုက်တည်၍ စာပေပို့ချသည်။
ယင်း၏ တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း '
ဟုခေါ်ဆိုကြသည်။
ယိုးဒယားနိုင်ငံရှိ မူလပင်မဂိုဏ်း၏ အမည်ကို
ပူးတွဲ၍' ဓမ္မယုတ္တိ နိကာယ မဟာရင်ဂိုဏ်း ဟု
ခေါ်ဆိုကြသည်။
ဓမ္မ = တရားတော်ကို ၊
ယုတ္တိ = အထောက်အထားပြုသော ၊
နိကာယ = သံဃာအစုအဝေး ။
ဟူ၍ဖြစ်ပါသည်။
အထက်ပါ နိုင်ငံတော်အသိအမှတ်ပြု
သံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည်
ဘုရားဟောပိဋကတ် ( ၃ ) ပုံအနက်
သုတ်နှင့် အဘိဓမ္မာတို့တွင်
အယူအဆ တူမျှကြသော်လည်း
စောင့်ထိန်း လိုက်နာအပ်သည့်
ဝိနည်းပိုင်း ဆိုင်ရာတို့တွင်
အလေးအပေါ့ အတိမ်အနက် စသည်ဖြင့်
ကွဲလွဲမှု ရှိကြသည်ကို အကြောင်းပြု၍
ကွဲပြား နေကြ
ခြင်းသာ ဖြစ်ပါသည်။
ထို့ကြောင့်ပင်လျှင် မြန်မာပြည်၏
ရှင်မဟာဗုဒ္ဓဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့်
တောင်မြို့(အမရပူရမဟာဂန္ဓာရုံ)ဆရာတော်
အရှင်ဇနကာဘိဝံသက သံဃာ့အစည်းအဝေး
တစ်ခုတွင် အဆိုပါဂိုဏ်းများအားလုံးဖျက်သိမ်းပြီး ထေရဝါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန်
အဆိုတင်သွင်းခဲ့ဖူးကြောင်း
မှတ်သားကြည်ညိုခဲ့ရဖူးပါသည်။
ခေတ်အမြင်ရှိလှသော ဆရာတော်၏
ဥာဏ်တော်ကိုသာ ကြည်ညိုဦးခိုက်ရပါသည်။
သို့သော်....
ထိုစဉ်က အကြောင်းကြောင်းများကြောင့်
ဆရာတော်ဘုရား၏ရည်မှန်းချက်
မအောင်မြင်ခဲ့ရပေ....
တစ်ချိန်သောအခါတွင်ကား
ဆရာတော်မျှော်မှန်းသကဲ့သို့ဖြစ်လာနိုင်ပါစေ
ဟုသာ.......
မျှော်လင့်ဆုတောင်းမိပါသည်။
Credit ပါဘုရား။
No comments:
Post a Comment