စာမရီ (ရာမညမြေ)
ဤခေါင်းစီးကို ရွေးချယ်တင်ပြရခြင်း၏
ရည်ရွယ်ချက်မှာ ''စာသင်သားများသည် ဓမ္မာစရိယနည်းပညာ မှတဆင့် ပါဠိဝါကျဖွဲ့ထုံးများကို
လေ့လာဆည်းပူးနိုင်ကြောင်း''သိစေရန် ဖြစ်သည်။
ခေတ်ပညာရေး အခြေအနေအရ စာသင်သားများသည်
အင်္ဂလိပ်စာ၊ ကွန်ပျူတာ သင်ယူလိုမှု စိတ်အားထက်သန်ကြ သည်၊ အချို့သည် အကြီးတန်းအောင်ပြီးနောက်
ဓမ္မာစရိယစာဝါကို လေ့လာသင်ယူမှုပင် မပြုဘဲ တက္ကသိုလ်၊ ကောလိပ်စသော အဆင့်မြင့်ပညာရေးကျောင်းတော်များသို့
တက်ရောက်ပညာသင်ယူကြပါ သည်။ ထိုကျောင်းတော်များ၌
ဓမ္မာစရိယစာဝါများပို့ချမှုရှိသလို စာဝါပို့ချမှုမရှိသော ကျောင်းတော်များ လည်း ရှိကောင်းရှိနိုင်မည်၊
မည်သို့ဖြစ်စေကာမူ စာသင်သားတို့သည် ဓမ္မာစရိယစာသင်နည်းစနစ်များကို
လေ့လာရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မာစရိယစာသင်နည်း စနစ်များသည် ပါဠိဝါကျ
ဖွဲ့ထုံးခွဲစိတ်လေ့လာရာ၌ အထောက်အကူပြုသောကြောင့် ဖြစ်သည်။ အထောက်အကူပြုပုံကို ''ကတ္တုသုညာ
ကြိယာနာမ နတ္ထိ'' ဟူသော ပရိဘာသာစကားရှုထောင့်မှ လေ့လာတင်ပြပါမည်။
''ကတ္တုသုညာ ကြိယာနာမ နတ္ထိ '' ဟူသည်
''ကတ္တားမှကင်းသော ကြိယာမရှိ၊ ကြိယာတိုင်းမှာ
ကတ္တားရှိသည်၊ ကတ္တားနှင့် ကြိယာတို့သည် ဒွန်တွဲမြဲဖြစ်သည်'' ဟု ဆိုလိုရင်းဖြစ်သည်။
သို့ရာတွင် ပါဠိ,အဋ္ဌကထာတို့၌ ကတ္တားမပါသောဝါကျ၊ ကတ္တားမဲ့သောဝါကျများပါရှိ၍
ထိုနှစ်ရပ် ဆန့်ကျင်သကဲ့သို့ ဖြစ်နေသည်။ ဤ၌ ပါဠိအဋ္ဌကထာလာ ကတ္တားမဲ့ဝါကျအရေးအသားနှင့်
ကတ္တုသုညာ ကြိယာနာမ နတ္ထိ ဟူသောပရိဘာသာ စကား မဆန့်ကျင်ကြောင်းကို တင်ပြရန် ဖြစ်သည်၊
ဤဆောင်းပါးတွင် ဝါကျဖွဲ့ထုံးများကို လေ့လာတင်ပြမည်ဆိုသော်လည်း ကတ္တုသုညာ ကြိယာနာမ
နတ္ထိ ဟူသော ပရိဘာသာရှုထောင့်မှ လေ့လာတင်ပြခြင်းဖြစ်၍ ဝါကျဖွဲ့ရာ၌ ကတ္တားပုဒ်တို့၏
အရေးပါမှုကိုသာ တင်ပြထားပါသည်။ ယင်းကိုမတင်ပြမီ ဝါကျတိုင်း၌ ကတ္တုကာရက၏ ပဓာနဖြစ်ပုံကို
ဦးစွာ ဖော်ပြ ပါမည်။
''ကာရကခြောက်ဖြာ
စပ်အပ်ရာ ကြိယာတွင်သာမှတ်''ဟူသည်နှင့်အညီ ကာရကများသည် ကြိယာ၌သာ စပ်ရရိုးဖြစ်၍ ကတ္တားနှင့်ကြိယာသည်
အမြဲဒွန်တွဲနေမည်ဖြစ်သည်။ ကာရကခြောက်ပါး တို့တွင် ကတ္တုကာရကသည် ပဓာန-မုချဖြစ်၍ ကျန်ကာရကငါးပါးမှာ
အပ္ပဓာန-ဥပစာဖြစ်သည်။ ထို့ကြောင့် လည်း ကတ္တုကာရကကို''သဗ္ဗကြိယဗျာပီကာရက-ကြိယာအားလုံး၌
ပျံ့နှံ့ပါဝင်သော ကာရက''ဟု ခေါ်၍ ကျန်ကာရကတို့ကို
''ဝိသေသကြိယဗျာပီကာရက- မိမိသက်ဆိုင်ရာကြိယာ၌သာ ပျံ့နှံ့ပါဝင်သော ကာရက''ဟု ခေါ်ဆိုသည်။
ဤသို့ ကြိယာတိုင်း၌ ကတ္တုကာရက ပဓာနဖြစ်သည်ကို ရည်ညွန်း၍ ''ကတ္တုသုညာ
ကြိယာနာမ နတ္ထိ''ဟူသော ပရိဘာသာစကားကို သုံးနှုန်းကြခြင်း ဖြစ်သည်။
အောက်ဖော်ပြပါ ပုံစံများကို လေ့လာကြပါစို့၊
(၁) ပုရိသော မဂ္ဂံ ဂစ္ဆတိ ။ ယောင်္ကျားသည်
သွားခြင်းကြိယာကို ပဓာနအားဖြင့် ပြီးစေသည်။ လမ်းဒြပ်သည် ယောင်္ကျား၏ သွားခြင်းကြိယာကို
ပြီးစေရာ၌ အထောက်အကူမျှသာပြုသည်။
(၂) ဒတ္တေန ဝိဟိံ လုနာတိ။ တံစဉ်သည်
အကူအညီမျှသာဖြစ်၍ လယ်သမားကသာ ပဓာနအားဖြင့် ရိတ်ခြင်းကြိယာကို ပြီးစေရသည်။
(၃) ဘိက္ခုဿ စီဝရံ ဒေတိ။ သင်္ကန်းပေးလှူရာဖြစ်သော
ရဟန်းသည် ပေးလှူရာ၌ အကူအညီမျှသာ ဖြစ်၍ အလှူရှင်ကသာ ပဓာနအားဖြင့် ပေးလှူခြင်းကြိယာကို
ပြီးစေရသည်။
(၄) ဂါမာ အပေန္တိ မုနယော။ ဖဲခွါရာ ရွာသည်
အကူအညီမျှသာဖြစ်၍ မုနိ(ခေါ်)ရသေ့ရဟန်းတို့ကသာ ပဓာနအားဖြင့် ဖဲခွာခြင်းကြိယာကို ပြီးစေကြရသည်။
(၅) ဘူမီသု မနုဿာ စရန္တိ။ လှည့်လည်ခြင်းကြိယာကို
ပြီးစေရန် မြေသည် အကူအညီမျှသာဖြစ်၍ လူတို့သည်သာ ပဓာနအားဖြင့် လှည့်လည်ခြင်းကြိယာကို
ပြီးစေကြရသည်။
ဖော်ပြပါသာဓကများကို လေ့လာခြင်းဖြင့်
ကတ္တုကာရက၏ ပဓာနအားဖြင့် ကာရကခေါ်ပုံနှင့် ကျန်ကာရကများ၏ အပ္ပဓာနအားဖြင့် ကာရကခေါ်ရပုံကိုလည်းကောင်း၊
ကတ္တုကာရက (ကတ္တား)၏ ကြိယာအားလုံး၌ ပဓာနအားဖြင့် ပျံနှံ့ပါဝင်နေသည်ကိုလည်းကောင်း သိရပေသည်။
ဤသို့ဖြင့် ကတ္တားနှင့်ကြိယာဆက်စပ်ပုံ၊ ကတ္တားမှကင်းသောကြိယာမရှိပုံကို သိရလေသည်။
ထိုထိုပါဠိ အဋ္ဌကထာတို့၌ တွေ့ရသော ကတ္တားမဲ့ကြိယာ(ကတ္တားမဲ့ဝါကျ)
အရေးအသားများမှာ ဝါကျကို ချုံ့ရေး,ပေါင်းရေးသောစနစ်ကြောင့် ဖြစ်သည်။ ထိုဝါကျများ၌ လိုနေသော
ကတ္တားကို ထည့်ကိုထည့်ပေး ရမည်ဖြစ်သည်။ ထိုသဘောကို နားလည်ရန် ဘုန်းတော်ကြီးအဆင့်မြင့်ပညာရေး
ဓမ္မာစရိယစာ သင်နည်းစနစ်များကို လေ့လာရန်လိုအပ်သည်။ ထိုနည်းစနစ်သည် ပိဋကတ်စာပေလေ့လာရာ၌
နားလည်လွယ်ကူသော နည်းစနစ်များဖြစ်သည်။
ပါဠိအဋ္ဌကထာလာ အောက်ဖော်ပြပါ ဝါကျများကို
လေ့လာကြပါစို့။
(၁) ပါဠိရေးထုံးကို လေ့လာသောအခါ ဝါကျကို
အစိတ်အစိတ် ခွဲ၍ရေးသော ဝါကျမျိုးနှင့် ဝါကျများ
စွာကို တစ်ဝါကျတည်းဖြစ်အောင်စုပေါင်းရေးထားသော ဝါကျမျိုးကို တွေ့ရတတ်သည်။ ယင်းကို အဝယဝ
+ အဝယဝီ (ဝါကျခွဲ + ဝါကျပေါင်း၊ အစိတ်+အပေါင်း)ဝါကျမျိုး ဟု ခေါ်သည်။
သာဓက ၁။ ''တံ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂလံ ဗုဒ္ဓါဒယော အရိယာ အာစိက္ခန္တိ ဒေသေန္တိ ပညပေန္တိ ပဋ္ဌပေန္တိ ဝိဝရန္တိ ဝိဘဇန္တိ
ဥတ္တာနီကရောန္တိ ပကာသေန္တိ ပသံသန္တီတိ အဓိပ္ပါယော''။ (ပါ၊ဋ္ဌ၊ ၁၊ ၁၂၂)
ဤပုံစံသည် ဝါကျများစွာကို တစ်ဝါကျတည်းစုပေါင်းရေးထားသော
အဝယဝီ(အပေါင်း)ဝါကျမျိူး ဖြစ်သည်။ အာစိက္ခန္တိကြိယာ၏ ကတ္တားသည် ဗုဒ္ဓါဒယော အရိယာ ဖြစ်သည်။ ကျန်ကြိယာများ၏
ကတ္တားလည်း ယင်း ဗုဒ္ဓါဒယော အရိယာ ပင်ဖြစ်သည်။ ဤအပေါင်းဝါကျမျိုးကို ကတ္တားထည့်၍ ဝါကျခွဲရေးခိုင်းလျှင် အောက်ပါအတိုင်း
တစ်ဝါကျချင်း ရေးရသည်။
ဗုဒ္ဓါဒယော အရိယာ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂလံ အာစိက္ခန္တိ။
ဗုဒ္ဓါဒယော အရိယာ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂလံ ဒေသေန္တိ။
ဗုဒ္ဓါဒယော အရိယာ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂလံ ပညပေန္တိ။
ဗုဒ္ဓါဒယော အရိယာ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂလံ ပဋ္ဌပေန္တိ။ (ပေယျာလ)။
ဗုဒ္ဓါဒယော အရိယာ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂလံ ပသံသန္တိ။
ထိုသို့ ဝါကျကိုခွဲစိတ်ရေးသားသောအခါ
ကြိယာအားလုံးသည် ကတ္တားနှင့်မကင်းကြောင်းကို ပို၍ သိလွယ်ပေသည်။ ဝါကျကို စိတ်၍ဖြစ်စေ၊
ပေါင်း၍ဖြစ်စေ အနက်ယောဇနာသော ဤနည်းကို ဓမ္မာစရိယ စာသင်နည်းစနစ်၊ ပြဌာန်းကျမ်းစာတို့၌
များစွာ တွေ့ရသည်။ ပုံစံတစ်ခုကို ကျွမ်းကျင်အောင် လေ့လာ ထားလျှင် အခြားပုံစံတို့ကိုလည်း နားလည်လွယ်ပါလိမ့်မည်။
သာဓက ၂။ ရာဇာနော စောရံ ဂဟေတွာ
ဟနေယျုံ ဝါ ဗန္ဓေယျုံ ဝါ ပဗ္ဗာဇေယျုံ ဝါ။
(ဝိ၊ ၁။ ၅၆။)
ဝါကျစိတ်ပုံ ။ (၁) ရာဇာနော စောရံ ဂဟေတွာ ဟနေယျုံ။
(၂)
ရာဇာနော စောရံ ဂဟေတွာ ဗန္ဓေယျုံ။
(၃)
ရာဇာနော စောရံ ဂဟေတွာ ပဗ္ဗာဇေယျုံ။
သာဓက ၃။ တေန ဟိ တွံ အာဝုသော သေယျသက ယာဝဒတ္တံ ဘုဉ္ဇ ယာဝဒတ္တံ သုပ ယာဝဒတ္တံ
နှာယ၊ (ဝိ၊ ၁။ ၁၅၁။)
(၂) တစ်ခါတစ်ရံ ကတ္တားပုဒ်ကိုပင် ဖော်မပြဘဲ ရေးသားထားသော
ပါဠိဝါကျများကိုလည်း တွေ့ရသည်။
သာဓက 1 ။ ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ၊
ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ၊ ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ။ (ပဋ္ဌာန၊ ၁။ ၁၃၂၊
ပိုဒ် ၄၀၄)
ဤပုံစံမျိုး၌ ပစ္စဝေက္ခတိကြိယာနှင့်လျော်သောကတ္တား ရှိရပါမည်။ ယင်းသို့ ကတ္တားပုဒ်မပါသောဝါကျမျိုး
အတွက် အဋ္ဌကထာ၌ ကတ္တားထည့်ဖွင့်လေ့ရှိသည်။
အဋ္ဌကထာ၌ ''တံ ပစ္စဝေက္ခတီတိ တံ ကုသလံ
သေက္ခေါပိ ပုထုဇ္ဇနောပိ ပစ္စဝေက္ခတိ, အရဟာပိ ပစ္စဝေက္ခတေဝ'' ဟူ၍ ပါဠိတော်ဝါကျတို့၏
ကတ္တားပုဒ်များကို ဖော်ပြထားပါသည်။ (ပဉ္စပကရဏ အဋ္ဌကထာ-နှာ ၄၃၅) ။
သာဓက ၂။ အဘိက္ကန္တံ ဘော ဂေါတမ အဘိက္ကန္တံ ဘော ဂေါတမ၊ (ဝိ၊၁။ ၇။)
အဘိက္ကန္တံ ဘော ဂေါတမ ယဒိဒံ ဘောတော
ဂေါတမဿ ဓမ္မဒေသနာ၊ ယဒိဒံ ဘောတော ဂေါတမဿ
ဓမ္မဒေသနံ အာဂမ္မ မမ ပသာဒေါ။ (ဝိ၊ဋ္ဌ၊၁။
၁၃၉။)။
ပါဠိတော်လာ အဘိက္ကန္တံပုဒ်တို့၏ ကတ္တားပုဒ်တို့ကို
ဓမ္မဒေသနာ၊ ပသာဒေါ ဟု အဋ္ဌကထာ၌ ဖော်ပြထား ပါသည်။
ဤသို့ ငုပ်လျှိုးနေသော ကတ္တားပုဒ်များကို
အဋ္ဌကထာ၌ ဖော်ပြလေ့ရှိသည်ဖြစ်၍ ကတ္တားပျောက်ဝါကျ များတွေ့လျှင် အဋ္ဌကထာနှင့် တိုက်ဆိုင်ကြည့်ရှခြင်း
အလေ့အထကို ကျင့်သုံးရသည်။ သို့ရာတွင် ပါဠိတော်၌ ငုပ်လျှိုးနေသော ကတ္တားပုဒ်ကို အဋ္ဌကထာတွင်
ဖော်ပြခြင်း၊ ကြည့်ရှုရခြင်းသည် ဒုတိယ ဦးစားပေးစနစ်ပင် ဖြစ်သည်။ ပထမဦးစားပေးစနစ်မှာ
ထိုပါဠိတော်၌ပင် ကတ္တားပုဒ်ကို ရှေ့နောက် ထောက်ဆ ရှာဖွေရခြင်း ဖြစ်သည်။ များသောအားဖြင့်
ပါဠိတော်၌ပင် ကတ္တားပုဒ်ကို တစ်နေရာရာ၌ ဖော်ပြပြီး ဖြစ်သည်။ ဖော်ပြလတ္တံ့ပါနည်းကို
ရှုပါလေ။
(၃) ပါဠိတော်, အဋ္ဌကထာတို့၌ ဒီပကနည်းဖြင့်
ရေးဖွဲ့သော ကတ္တားဟောဝါကျမျိုးကိုလည်း တွေ့ရသည်။
ဒီပကနည်း ဟူသည် ပုဒ်တစ်ပုဒ်သည် ဝါကျ
အစ,အလယ်,အဆုံး မည့်သည့်နေရာ၌ တည်ရှိသည်ဖြစ်စေ ဝါကျအားလုံးသို့လိုက်၍ ယှဉ်တွဲပေးရသောနည်း
ဖြစ်သည်။ ဤနည်းသည် ကတ္တားကို ရှာဖွေရာ၌ ဦးစားပေးစနစ်ဟုလည်း ဆိုနိုင်သည်။
သာဓက ၁။ သော စေ ပဝေသနံ သာဒိယတိ၊ ပဝိဋ္ဌံ သာဒိယတိ၊ ဌိတံ သာဒိယတိ၊ ဥဒ္ဓရဏံ
သာဒိယတိ၊ အာပတ္တိ ပါရာဇိကဿ။ (ဝိ၊၁။၃၇။)
ဤပုံစံ၌ ဒုတိယ, တတိယ, စတုတ္ထဝါကျတို့၏
ကတ္တားပုဒ်မှာ ပထမဝါကျရှိ သော ပင် ဖြစ်သည်၊ ဤသို့ အကြောင်းအရာတစ်ခုကို ဝါကျများစွာဖြင့် တဆက်တည်းရေးဖွဲ့သောအခါ
ရှေ့ဝါကျတွင်သာ ကတ္တားပုဒ် ကို ဖော်ပြပြီး၊ နောက်ဝါကျများ၌ ဖြုတ်၍ရေးသားတတ်ရာ ကတ္တားမပါသောဝါကျ၌
ဆိုခဲ့ပြီးသောဝါကျမှ ကတ္တားပုဒ်ကိုပင် ယူထည့်ရပါသည်၊ သို့ဖြစ်၍ ဤနည်းသည် ကတ္တားမဲ့ပါဠိဝါကျတို့အတွက်
ဦးစားပေး ကတ္တားရှာဖွေနည်းလည်း ဖြစ်သည်, ထိုကတ္တားပုဒ်သည် ဝါကျအားလုံးကို ထွန်းပြသော-ဝါကျအားလုံး
နှင့် ယှဉ်တွဲပေးရသော ဒီပကနည်းလည်း ဖြစ်သည်ဟု မှတ်ထိုက်သည်။
သာဓက ၂။ စတုဓာ ဝိဘဇေ ဘောဂေ၊
ပဏ္ဍိတော ဃရမာဝသံ။
ဧကေန
ဘောဂေ ဘုဉ္ဇေယျ၊ ဒွီဟိ ကမ္မံ ပယောဇယေ။
စတုတ္ထဉ္စ
နိဓာပေယျ၊ အာပဒါသု ပဝိဿတိ။ (ဒီ၊၃။၁၅၃။ သီ၊ဋ္ဌ၊၁။၂၀၇။)
ဤပုံစံ၌ နောက်ဆုံးပါဒ,နောက်ဆုံးဝါကျမှတစ်ပါးသော
ဝါကျ,ပါဒအသီးအသီးတို့၌ ပဏ္ဍိတော ဟူသော ကတ္တားပုဒ်ကို ယှဉ်တွဲပေးလျှင် ဒီပကနည်း ဖြစ်ပေတော့သည်။
(၄) လက္ခဏ,လက္ချဝါကျရေးသားရာ၌လည်း ကတ္တားကို
မြုပ်ရေးတတ်ကြသည်။
သာဓက ၁။ ဣဓ စေ နံ ဝိရောဓေသီတိ
ဣမမ္ပိ ဓမ္မဒေသနံ ဘဂဝါ သာဝတ္ထိယံ ဝိဟရန္တော ဧကံ ဩဿဋ္ဌဝီရိယမေဝ ဘိက္ခုံ အာရဗ္ဘ
ကထေသိ။ (ဇာ၊ဋ္ဌ၊၁။ ၁၂၆။)
ဤပုံစံ၌ ဝိဟရန္တောဟူသော လက္ခဏကြိယာနှင့်
ကထေသိ ဟူသော ပဓာနကြိယာ(ဝါ)လက္ချကြိယာ တို့၏ ကတ္တားကား ဘဂဝါ ပင်ဖြစ်သည်။ ကတ္တားတူသောကြောင့်
ဤဝါကျမျိုး၌ ကတ္တားကို ပထမာဝိဘတ်ဖြင့် ရေးပြီး ယင်းကတ္တားကိုလည်း တစ်ခုသာ ရေးထုံးပြုကြသည်။
ဝါကျကို ခွဲစိတ်သော အခါဖြစ်စေ, ကထေသိကြိယာ၏ ကတ္တားကို ထည့်စွက်စေလျှင်ဖြစ်စေ နှစ်ဝါကျလုံး၌
ဘဂဝါ ဟူသော ကတ္တားကို ထည့်ပေးရသည်။ လက္ခဏ,လက္ချဝါကျရေးနည်း၌
ဤသို့ လက္ချဝန္တကတ္တားကို မြှုပ်ရေးလေ့
ရှိသည်။
သာဓက ၂။ ယောဓနာယကော သယံ ယုဉ္ဇမာနော
ဣတရေပိ ယောဓေ သမ္ပဟာရဝုတ္တိယံ ပဝတ္တယတိ၊
(ဏီ -အဌကထာ ၁၅၅)။ ယုဉ္ဇမာနော,ပဝတ္တယတိ
တို့၏ ကတ္တားမှာ ယောဓနာယကော ပင်ဖြစ်သည်။
(၅) ကြိယာကို အလေးထား ဖော်ပြလိုရာ၌ ကတ္တားမြှုပ်ရေးတတ်သည်။
ဝါကျတစ်ခုတွင် ကတ္တားနှင့် ကြိယာတို့သည်
အမြဲဒွန်တွဲကြသည်၊ တစ်ခါတစ်ရံ ကတ္တား (သို့မဟုတ်) ကြိယာ တစ်မျိုးမျိုးကိုသာ ဖော်ပြသည်၊
ဤ၌ ကြိယာကို အလေးထားဖော်ပြခြင်းဆိုသည်မှာ ကြိယာ၏ ဆောင်ရွက်ပုံ, လုပ်ဆောင်ပုံကို အလေးထားဖော်ပြခြင်းကို
ဆိုလိုပါသည်။ တစ်နည်းအားဖြင့် အာမေဍိတ် သဘောရှိသော ကြိယာတို့ကို အလေးထားဖော်ပြခြင်းကို ဆိုလိုပါသည်။
သာဓက ၁။ အဘိက္ကန္တံ ဘန္တေ အဘိက္ကန္တံ ဘန္တေ၊ (သီ၊၁။၈၀။)
ဤပုံစံ၌ ကြည်ညိုခြင်း,ချီးမွမ်းခြင်းအာမေဍိတ်သဘောရှိသောကြိယာကို
အလေးထားဖော်ပြလို၍ ကတ္တားမြှုပ်ရေးခြင်း ဖြစ်သည်။ ယင်းပုဒ်တို့၏ ကတ္တားပုဒ်တို့ကို
အဋ္ဌကထာဆရာက (သီ၊ဋ္ဌ၊၁။၂၀၄)၌ ပြဆိုထားပါသည်၊
သာဓက ၂။ ဝိဇ္ဈ ဝိဇ္ဈ, ပဟရ ပဟရ
(ကောဓ-အမျက်ထွက်ခြင်း)၊
ဂစ္ဆ
ဂစ္ဆ, လုနာဟိ လုနာဟိ (တုရိတ-အဆောတလျင်ပြုခြင်း) ၊
အာဂစ္ဆ
အာဂစ္ဆ (ကောတူဟလ-အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း)၊
အဘိက္ကမထာယသ္မန္တော
အဘိက္ကမထာယသ္မန္တော (ဟာသ-ရွှင်လန်းခြင်း)၊ ဒီ၊၂။၄၉၇။)
အဘိက္ကမထ
ဝါသေဋ္ဌာ အဘိက္ကမထ ဝါသေဋ္ဌာ၊ (ဟာသေ-ရွှင်လန်းခြင်း)၊ (ဒီ၊၂။၁၂၂။)
ဤပုံစံများသည် အာမေဍိတ်အနက်သဘောရှိသော
ကြိယာပုဒ်များ ဖြစ်သည်၊ ယင်းတို့ကို အလေးထား ဖော်ပြလိုရာ၌ ကတ္တားပုဒ်ကို မြှုပ်ရေးတတ်ကြသည်။
ဤမျှသောပုံစံတို့ဖြင့် ကတ္တားမှကင်းသော
ကြိယာမရှိနိုင်ကြောင်း သိလောက်ပေပြီ။ ပါဠိရေးထုံးတွင် ရှေ့တွင်ကတ္တားကို ဖော်ပြပြီးပါက
နောက်ဝါကျများတွင် ဆက်လက်မဖော်ပြတော့ဘဲ ယင်းကိုညွှန်းသော ယ တ ဧတ ဣမ စသော သဗ္ဗနာမ်ပုဒ်ကို
အသုံးပြုကြသည်။ တစ်ခါတစ်ရံ သဗ္ဗနာမ်များကိုပင် မရေးသား တော့ဘဲ ကတ္တားဖျောက်ကာ ရေးသားကြသည်။
ထိုအခါ ရှေးအကြောင်းအရာများကို ထောက်ဆ၍ သော်လည်းကောင်း၊ ဆိုခဲ့ပြီးသော ကတ္တားပုဒ်ကို
လှန်းယူ၍ထည့်သွင်းခြင်းဖြင့် လည်းကောင်း ဝါကျကို ပြည့်စုံအောင် ရေးဖွဲ့ရသည်။
ဓမ္မာစရိယနည်းစနစ်တွင် အသုံးပြုသော
''လိုက်,လှန်း,ပြန်ထည့်, ပြင်တုံဘိ, ငါးရှိ
အစပ်မျိုး'' နည်းသည် ကျစ်ကျစ်လစ်လစ် ဖွဲ့ထားသောဝါကျကို အကျယ်ဖြန့်ရေးသားနည်း ဖြစ်သည်။
ရှေ့တွင်ဆိုခဲ့ပြီးသော ပုဒ်ပါဌ်တို့အနက် လိုက်သင့်သောပုဒ်များ လိုက်စေရသည်၊ လှန်းယူသင့်သော
ပုဒ်များကို လှန်းယူရသည်၊ ထည့်သင့်သောပုဒ်များ ထည့်သွင်းရသည်၊ ပြင်ဆင်သင့်သည့် ပုဒ်များ
ပြင်ဆင်ရသည်၊ ဤသို့ ပြုလုပ်ခြင်း ဖြင့် တိမ်မြုပ်နေသော ကတ္တားပုဒ်များလည်း ထင်ရှားလာပါလိမ့်မည်။
နေရာတိုင်း ဝါကျတိုင်းတွင် ကတ္တားပုဒ်ကို ထည့်လျှင် ပါဠိဝါကျရေးထုံးလည်း ခံ့မည်မဟုတ်၍
ကတ္တားကို သင့်လျော်ရုံမျှရေးသားခြင်း ဖြစ်သည်ဟုလည်း ယူဆနိုင်သည်။
ပါဠိဝါကျဖွဲ့ထုံးနည်းစနစ်များကို လေ့လာခြင်းသည် ဓမ္မာစရိယနည်းစနစ်ဖြင့်သာ
လေ့လာနိုင်မည်ဟူ၍ ဆိုလိုသည်မဟုတ်၊ နည်းတစ်ပါးတို့ဖြင့်လည်း လေ့လာနိင်သည်၊
ရည်ညွှန်းလိုသည်မှာ ''ဓမ္မာစရိယသင်နည်းစနစ်၌
နည်းပညာစုံလှသည်၊ ထိုနည်းပညာတို့၌ ကျွမ်းကျင်လျှင် ဝါကျရေးထုံး မျိုးစုံ၌လည်း ကျွမ်းကျင်မည်''ဟူ၍
ဖြစ်သည်။ ထို့အပြင် ဤဆောင်းပါးသည် ပါဠိဝါကျဖွဲ့ထုံးကို ကတ္တုသုညာ ကြိယာနာမ နတ္ထိ ပရိဘာသာရှုထောင့်မှ
လေ့လာခြင်းဖြစ်၍ တိမ်မြှုပ်နေသော ကတ္တားပုဒ် များကို ဖော်ထုတ်ရေးကိုသာ ပဓာနပြုလေ့လာခြင်း
ဖြစ်သည်။ မြောက်မြားစွာသော ပါဠိဝါကျဖွဲ့ထုံး နည်းစနစ်များကို ဤဆောင်းပါး၌ တင်ပြရန်
မဖြစ်နိုင်၊ မပြုနိုင်ပေ။
ဤမျှဖြင့် ကတ္တုသုညာ ကြိယာနာမ နတ္ထိ ဟူသော ပရိဘာသာစကားနှင့် ပါဠိအဋ္ဌကထာလာ ကတ္တားမဲ့ပါဠိရေးထုံးဝါကျများ
မဆန့်ကျင်ကြောင်းကို စာပေပညာရှင်များ၊ ပညာသင်များ သတိပြုမိ လိမ့်မည်ဟု မျှော်တွေးမိရင်း
ဓမ္မာစရိယနည်းစနစ်၊ ကျမ်းစာတို့ကို အမှီပြု၍ ကတ္တုသုညာ ကြိယာနာမ နတ္ထိ ဟူသော ပရိဘာသာရှုထောင့်မှ
လေ့လာတင်ပြသော ဤဆောင်းပါးကို ဤတွင် နိဂုံးချုပ်လိုက် ပါသည်။
စာမရီ (ရာမညမြေ)
လိပ်စာအပြည့်အစုံ
အရှင်သုမန
မကုဋာရာမကျောင်း၊ သီရီလင်္ကာ
samari969si@gmail.com
ကလောင်အမည်
စာမရီ (ရာမညမြေ)
ကတိဝန်ခံချက်
ဤဆောင်းပါးသည် ကိုယ်တိုင်ရေးဆောင်းပါးဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်။
ကျမ်းကိုး။
ကစ္စည်းဘာသာဋီကာ၊ ပတွဲ၊အရှင်ဇနကာဘိဝံသ၊
နှာ ၃၇၀
အသောကဓမ္မာစရိယသင်တန်း၊ အရှင်အာဒိစ္စာလင်္ကာရ၊
အသောကကျောင်း၊ တောင်ဥက္ကလာပ၊၃ ဝိုင်း
ဓမ္မာစရိယနည်းစနစ်လင်္ကာများ